လောင်းကစားဥပဒေ

From Wikisource
Jump to navigation Jump to search
လောင်းကစားဥပဒေ  (2019) 
by ဝင်းမြင့်

လောင်းကစားဥပဒေ

(၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၃ ။)

၁၃၈၁ ခုနှစ်၊ ကဆုန်လဆန်း ၄ ရက်

(၂၀၁၉ ခုနှစ်၊ မေလ ၇ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁) အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်[edit]

၁။ ဤဥပဒေကို လောင်းကစားဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရ မည်-

(က) လောင်းကစားခြင်း ဆိုသည်မှာ ကံစမ်းကစားခြင်း၊ ကျွမ်းကျင်မှုကစားခြင်းတစ်ခုခုတွင် အကောက်အစားယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ ငွေကြေးအတွက်လည်းကောင်း၊ ငွေကြေးကဲ့သို့ တန်ဖိုးရှိသော သို့မဟုတ် ငွေကြေးတန်ဖိုးအဖြစ် လွှဲပြောင်းသတ်မှတ်ရန် သဘောတူပြီးဖြစ်သော ပစ္စည်း တစ်စုံတစ်ရာအတွက်လည်းကောင်း လောင်းကစားပြုခြင်းကို ဆိုသည်။
(ခ) ပစ္စည်း ဆိုသည်မှာ သက်ရှိသက်မဲ့၊ ရွှေ့ပြောင်းနိုင်သောပစ္စည်း သို့မဟုတ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းအားလုံးကို ဆိုသည်။ ယင်းစကားရပ်တွင် ယင်းပစ္စည်းနှင့် သက်ဆိုင်သည့် အကျိုးခံစားခွင့် များလည်း ပါဝင်သည်။
(ဂ) လောင်းကစားအိမ် ဆိုသည်မှာ လောင်းကစားခြင်းပြုလုပ်သည့် အိမ်၊ အဆောက်အအုံ၊ ကာရံထားသော နေရာ၊ ဝင်း၊ ခြံ၊ အခန်း၊ ယာဉ်တစ်ခုခုကို ဆိုသည်။ ယင်းစကားရပ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်သော ကာစီနိုများ မပါဝင်။
(ဃ) လောင်းကစားကိရိယာ ဆိုသည်မှာ လောင်းကစားခြင်းပြုလုပ်ရာ၌ အသုံးပြုသော ဂျင်၊ ဖဲ၊ အန်စာ၊ မာကျောက်၊ တိုကင်၊ ဒင်္ဂါး၊ ဇယ်ပြား၊ ကစားခုံ၊ ကစားခွက်၊ ဇယားကားချပ်၊ သေတ္တာ၊ ပုံစံ၊ လက်မှတ်၊ စာရင်း၊ အီလက်ထရောနစ်ပစ္စည်းများနှင့် အီလက်ထရောနစ် ဆက်သွယ်ရေးနည်းပညာသုံး ကိရိယာများကို ဆိုသည်။ ယင်းစကားရပ်တွင် လောင်းကစားခြင်းအတွက် ကြံစည်ပြုလုပ်ထားသော သို့မဟုတ် အသုံးပြု နိုင်သော အခြားအရာများနှင့် လောင်းကစားခြင်း၌အသုံးပြုသော တိရစ္ဆာန်၊ ယာဉ်တို့လည်း ပါဝင်သည်။
(င) အများပြည်သူနှင့်ဆိုင်သောနေရာ ဆိုသည်မှာ မည်သူမဆို ဝင်ထွက်သွားလာနိုင်သော လမ်း သို့မဟုတ် နေရာကို ဆိုသည်။
(စ) မြို့နယ်အုပ်ချုပ်ရေးမှူး ဆိုသည်မှာ သက်ဆိုင်ရာမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး၏ တာဝန်များကို ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းကို ဆိုသည်။
(ဆ) မြို့နယ်ရဲတပ်ဖွဲ့မှူး ဆိုသည်မှာ သက်ဆိုင်ရာမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး တာဝန်ထမ်းဆောင်နေသူကို ဆိုသည်။
(ဇ) စခန်းမှူး ဆိုသည်မှာ သက်ဆိုင်ရာရဲစခန်းနယ်မြေအတွင်း ရဲစခန်းမှူး တာဝန်ထမ်းဆောင်နေသူကို ဆိုသည်။
(ဈ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနကို ဆိုသည်။
(ည) ထီ ဆိုသည်မှာ ပြည်ထောင်စုအစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အောင်ဘာလေထီကို ဆိုသည်။
(ဋ) ကာစီနို (Casino) ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သတ်မှတ်ချက်များနှင့် အညီ မှတ်ပုံတင်ထားပြီး နိုင်ငံခြားသားများသာ သီးသန့်လောင်းကစားခွင့်ရှိသော နေရာ သို့မဟုတ် အဆောက်အဦကို ဆိုသည်။

အခန်း (၂) ရည်ရွယ်ချက်[edit]

၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ခေတ်စနစ်နှင့်လျော်ညီသော လောင်းကစားဥပဒေဖြစ်စေရန်၊
(ခ) လောင်းကစားခြင်းသည် ပြည်သူများ၏ လူမှုစီးပွားဘဝကို ထိခိုက်ပျက်စီးစေနိုင်သဖြင့် ဥပဒေနှင့် အညီ ကန့်သတ်ထိန်းချုပ်မှုများ ဆောင်ရွက်နိုင်ရန်၊
(ဂ) အများပြည်သူတို့၏ အကျိုးစီးပွားနှင့်ကိုယ်ကျင့်တရားကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်။

အခန်း (၃) အများပြည်သူနှင့်ဆိုင်သောနေရာတွင် လောင်းကစားခြင်းကို ဝရမ်းမပါဘဲဖမ်းဆီးခြင်း[edit]

၄။ (က) မြို့နယ်အုပ်ချုပ်ရေးမှူး သို့မဟုတ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး သို့မဟုတ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်သည် အများပြည်သူနှင့်ဆိုင်သောနေရာတွင် အောက်ပါပုဂ္ဂိုလ်တစ်ဦးဦးကို တွေ့ရှိလျှင် ထိုသူအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်သည်-

(၁) လောင်းကစားခြင်းပြုလုပ်ရန် လောင်းကြေးတောင်းခံစုဆောင်းသူ၊
(၂) လောင်းကစားသူ၊ လောင်းကစားရန် အားပေးကူညီသူ၊ လူစုသူ၊ လှုံ့ဆော်သူ၊
(၃) မည်သည့်အားကစားပွဲ သို့မဟုတ် လေ့ကျင့်ပွဲတစ်ခုခု၌မဆို လောင်းကစားသူ သို့မဟုတ် လောင်းကစားရန် တစ်နည်းနည်းဖြင့် အားပေးကူညီသူ၊ လူစုသူ၊ လှုံ့ဆော်သူ။
(ခ) ပုဒ်မခွဲ (က) အရ အရေးယူဆောင်ရွက်သူ တစ်ဦးဦးသည် ဖမ်းဆီးသည့်နေရာတွင်ဖြစ်စေ၊ ဖမ်းဆီး ခံရသူများ၏ ကိုယ်ပေါ်တွင်ဖြစ်စေ တွေ့ရှိသော လောင်းကစားကိရိယာများနှင့် ငွေကြေးအားလုံးကို လုပ်ထုံးလုပ်နည်းများနှင့်အညီ သိမ်းဆည်းရမည်။

အခန်း (၄) လောင်းကစားအိမ်သို့ ဝင်ရောက်ရှာဖွေဖမ်းဆီးခြင်း[edit]

၅။ (က) မြို့နယ်အုပ်ချုပ်ရေးမှူး သို့မဟုတ် မြို့နယ်ရဲတပ်ဖွဲ့မှူးသည် သက်ဆိုင်ရာမြို့နယ်အတွင်း၌ လည်းကောင်း၊ စခန်းမှူးသည် သက်ဆိုင်ရာရဲစခန်းနယ်မြေအတွင်း၌လည်းကောင်း လောင်းကစားအိမ် တွင် လောင်းကစားနေကြောင်း ယုံကြည်လောက်သော သတင်းရလျှင် သို့မဟုတ် ယုံကြည်ရန် အခြား လုံလောက်သော အကြောင်းအချက်များရှိလျှင် ထိုသတင်း သို့မဟုတ် အကြောင်းအချက်များကို ရေးမှတ်ပြီး မိမိကိုယ်တိုင် ထိုလောင်းကစားအိမ်သို့ ဝင်ရောက်ရှာဖွေဖမ်းဆီးနိုင်သည်။

(ခ) မြို့နယ်အုပ်ချုပ်ရေးမှူးသည် သက်ဆိုင်ရာမြို့နယ်မှ ဒုတိယရဲအုပ်အဆင့်အောက် မနိမ့်သော ရဲအရာရှိ တစ်ဦးဦးအားလည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် (၁) အောက် မနိမ့်သောနိုင်ငံ့ဝန်ထမ်းတစ်ဦးဦးအားလည်းကောင်း ဝရမ်းထုတ်ပေး၍ လောင်းကစားအိမ်သို့ ဝင်ရောက် ရှာဖွေဖမ်းဆီးစေနိုင်သည်။
(ဂ) မြို့နယ်ရဲတပ်ဖွဲ့မှူး သို့မဟုတ် ၎င်းအားတိုက်ရိုက်ကြီးကြပ်ကွပ်ကဲသော ရဲအရာရှိတစ်ဦးဦးသည် ဒုတိယရဲအုပ်အဆင့်အောက် မနိမ့်သော ရဲအရာရှိတစ်ဦးဦးအား ဝရမ်းထုတ်ပေး၍ လောင်းကစားအိမ်သို့ ဝင်ရောက်ရှာဖွေဖမ်းဆီးစေနိုင်သည်။

၆။ (က) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးသည် ကျေးရွာတာဝန်ခံ သို့မဟုတ် ရာအိမ်မှူး သို့မဟုတ် ဆယ်အိမ်မှူးတစ်ဦးဦးအပါအဝင် အနည်းဆုံးနှစ်ဦး ပါဝင်လျက် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း လောင်းကစားအိမ်တွင် လောင်းကစားနေကြောင်း ယုံကြည် လောက်သောသတင်းရလျှင် သို့မဟုတ် ယုံကြည်ရန် အခြားလုံလောက်သော အကြောင်းအချက်များ ရှိလျှင် ထိုသတင်း သို့မဟုတ် အကြောင်းအချက်များကိုရေးမှတ်ပြီး မိမိကိုယ်တိုင် ထိုလောင်းကစားအိမ်သို့ ဝင်ရောက်ရှာဖွေဖမ်းဆီးနိုင်သည်။

(ခ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးသည် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအတွင်း ဒုတိယရဲအုပ်အဆင့်အောက်မနိမ့်သော ရဲအရာရှိတစ်ဦးဦးအားလည်းကောင်း၊ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရှိ ကျေးရွာတာဝန်ခံ သို့မဟုတ် ရာအိမ်မှူး သို့မဟုတ် ဆယ်အိမ်မှူး ပါဝင်သော အဖွဲ့အားလည်းကောင်း ဝရမ်းထုတ်ပေး၍ လောင်းကစားအိမ်သို့ ဝင်ရောက်ရှာဖွေဖမ်းဆီးစေ နိုင်သည်။

၇။ (က) ပုဒ်မ ၅ အရ ဖြစ်စေ၊ ပုဒ်မ ၆ အရဖြစ်စေ ဝရမ်းထုတ်ပေးနိုင်ခွင့်ရှိသူ သို့မဟုတ် ဝရမ်းဖြင့် တာဝန်ပေးအပ်ခြင်းခံရသူသည် အောက်ပါတို့ကို ဆောင်ရွက်နိုင်သည်-

(၁) ဝရမ်းထုတ်ပေးနိုင်ခွင့်ရှိသူဖြစ်ပါက သတင်းရရှိပြီးနောက်ဖြစ်စေ၊ ဝရမ်းဖြင့် တာဝန်ပေးအပ်ခြင်း ခံရသူ ဖြစ်ပါက ဝရမ်းထုတ်ပေးသောနေ့မှ ၁၄ ရက်အတွင်းတွင်ဖြစ်စေ လိုအပ်သည့် အကူအညီများနှင့် လောင်းကစားအိမ်သို့ လိုအပ်လျှင် မည်သည့်နည်းဖြင့်မဆို အချိန်မရွေးဝင်ရောက်နိုင်ခွင့်၊
(၂) လောင်းကစားအိမ်တွင် လောင်းကစားနေသူများ၊ ရောက်ရှိနေသူများနှင့် အားပေးကူညီသူများအား ဖမ်းဆီးနိုင်ခွင့်၊
(၃) လောင်းကစားအိမ်တွင် တွေ့ရှိသော လောင်းကစားကိရိယာနှင့် လောင်းကစားရာ၌ အသုံးပြုသော သို့မဟုတ် အသုံးပြုမည်ဟု ယုံကြည်ရန်ရှိသော ငွေကြေးနှင့် ပစ္စည်းကို သိမ်းဆည်းနိုင်ခွင့်၊
(၄) လောင်းကစားအိမ်တွင် လောင်းကစားကိရိယာတစ်ခုခုကို လျှို့ဝှက်ထားကြောင်း ယုံကြည်ရန် အကြောင်းရှိလျှင် အဆိုပါလောင်းကစားအိမ်၏ နေရာအနှံ့အပြားနှင့် ဖမ်းဆီးထားသူများ၏ ကိုယ်တွင် ရှာဖွေ၍ တွေ့ရှိသမျှသော လောင်းကစားကိရိယာအားလုံးကို သိမ်းဆည်းနိုင်ခွင့်။
(ခ) ပုဒ်မ ၅ အရဖြစ်စေ၊ ပုဒ်မ ၆ အရဖြစ်စေ-
(၁) သတင်း သို့မဟုတ် အခြားယုံကြည်လောက်သော အကြောင်းအချက်များကို ရေးမှတ်သူသည် သတင်းပေးသူ၏အမည်ကို လျှို့ဝှက်ထားရမည်။ လိုအပ်ပါက သတင်းပေးသူ၏အမည်ကို ဖော်ပြနိုင် သည်။
(၂) ရှာဖွေသည့်အခါတိုင်း ရာဇဝတ်ကျင့်ထုံးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရှာဖွေရမည်။
(၃) လောင်းကစားအိမ်သို့ ဝင်ရောက်ရှာဖွေဖမ်းဆီးသူသည် ဖမ်းဆီးရမိသူများ၊ သိမ်းဆည်းရရှိသည့် ပစ္စည်းများကို သက်ဆိုင်ရာ ရဲစခန်းသို့ လွှဲအပ်ရမည်။
(၄) ဆောင်ရွက်သူသည် မည်သူ့ကိုမျှ ဖမ်းဆီးရမိခြင်းမရှိလျှင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

အခန်း (၅) တားမြစ်ချက်များ[edit]

၈။ မည်သူမျှ အများပြည်သူနှင့် ဆိုင်သောနေရာတွင်-

(က) လောင်းကစားခြင်းပြုလုပ်ရန် လောင်းကြေးတောင်းခံစုဆောင်းခြင်းမပြုရ၊
(ခ) လောင်းကစားခြင်း၊ လောင်းကစားရန် အားပေးကူညီခြင်း၊ လူစုခြင်း၊ လှုံ့ဆော်ခြင်းမပြုရ၊
(ဂ) မည်သည့်အားကစားပွဲ သို့မဟုတ် လေ့ကျင့်ပွဲကိုမဆို လောင်းကစားခြင်း၊ လောင်းကစားရန် တစ်နည်းနည်းဖြင့် အားပေးကူညီခြင်း၊ လူစုခြင်း၊ လှုံ့ဆော်ခြင်းမပြုရ။

၉။ မည်သူမျှလောင်းကစားအိမ်တွင်-

(က) လောင်းကစားခြင်းမပြုရ၊
(ခ) ရောက်ရှိနေခြင်း မရှိစေရ။

၁၀။ မည်သူမျှ-

(က) လောင်းကစားအိမ်ဖွင့်လှစ်ခြင်း၊ တည်ထောင်ခြင်း၊ စီမံခန့်ခွဲခြင်း သို့မဟုတ် ထိုသို့ဆောင်ရွက်ခြင်းကို တစ်နည်းနည်းဖြင့် အားပေးကူညီခြင်းမပြုရ၊
(ခ) လက်ဝယ်ရှိသော သို့မဟုတ် အသုံးပြုခွင့်ရသော အိမ်၊ အဆောက်အအုံ၊ ကာရံထားသောနေရာ၊ ဝင်း၊ ခြံ၊ အခန်း၊ ယာဉ်တစ်ခုခုကို လောင်းကစားအိမ်အဖြစ် ဖွင့်လှစ်ရန်၊ တည်ထောင်ရန် သို့မဟုတ် အသုံးပြုရန် ခွင့်မပြုရ။

၁၁။ မည်သူမျှ ခွင့်ပြုချက်မရှိဘဲ အောက်ပါတို့ကို မပြုရ-

(က) ထီ သို့မဟုတ် ထီကဲ့သို့သော အခြားကံစမ်းကစားနည်းတစ်ခုခုကို ဖွင့်လှစ်ခြင်း၊ စီမံခန့်ခွဲခြင်း၊ လောင်းကြေးလက်ခံခြင်း၊ ဒိုင်အဖြစ်ဆောင်ရွက်ခြင်း၊ ငွေကြေးအကျိုးအမြတ်ရယူခြင်း သို့မဟုတ် ထိုသို့ ဆောင်ရွက်ခြင်းကို တစ်နည်းနည်းဖြင့် အားပေးကူညီခြင်း၊
(ခ) ကာစီနိုကို တည်ထောင်ခြင်း၊ ဖွင့်လှစ်ခြင်း၊ စီမံခန့်ခွဲခြင်း၊ လောင်းကြေးလက်ခံခြင်း၊ ဒိုင်အဖြစ် ဆောင်ရွက်ခြင်း၊ ငွေကြေးအကျိုးအမြတ်ရယူခြင်း သို့မဟုတ် ထိုသို့ဆောင်ရွက်ခြင်းကို တစ်နည်းနည်းဖြင့် အားပေးကူညီခြင်း။

၁၂။ မည်သူမျှ ပုဒ်မ ၁၁ ပါ ကစားနည်းတစ်မျိုးမျိုးတွင် ပါဝင်လောင်းကစားခြင်း မပြုရ။

၁၃။ မြန်မာနိုင်ငံသားမည်သူမျှ ကာစီနိုအတွင်း ဝင်ရောက်လောင်းကစားခြင်း မပြုရ။

၁၄။ မည်သူမျှ လောင်းကစားရန် ငွေချေးခြင်း သို့မဟုတ် ငွေကြေးထောက်ပံ့ခြင်း မပြုရ။

အခန်း (၆) ပြစ်ဒဏ်များ[edit]

၁၅။ မည်သူမဆို-

(က) ပုဒ်မ ၈ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတစ်လမှ အများဆုံးခြောက်လအထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ကျပ်ငါးသောင်းအထိ ငွေဒဏ်လည်းချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့် အကျုံးဝင်သော သက်သေခံပစ္စည်းနှင့်ငွေကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။
(ခ) ပုဒ်မ ၈ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးခြောက်လမှ အများဆုံးတစ်နှစ်အထိ ထောင်ဒဏ် ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံး ကျပ်တစ်သိန်းအထိ ငွေဒဏ်လည်းချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံး ဝင်သော သက်သေခံပစ္စည်းနှင့်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။

၁၆။ မည်သူမဆို-

(က) ပုဒ်မ ၉ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးခြောက်လမှ အများဆုံးတစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံး ကျပ်တစ်သိန်းအထိ ငွေဒဏ်လည်းချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံး ဝင်သော သက်သေခံပစ္စည်းနှင့်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။
(ခ) ပုဒ်မ ၉ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတစ်နှစ်မှ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ် တစ်သိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်လည်းချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံးဝင် သော သက်သေခံပစ္စည်းနှင့်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။

၁၇။ မည်သူမဆို-

(က) ပုဒ်မ ၁၀ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတစ်နှစ်မှ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်လည်းချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံးဝင်သော သက်သေခံ ပစ္စည်းနှင့်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။
(ခ) ပုဒ်မ ၁၀ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးသုံးနှစ်မှ အများဆုံးငါးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ် ငါးသိန်းမှ အများဆုံး ကျပ်တစ်ဆယ်သိန်းအထိ ငွေဒဏ်လည်းချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံး ဝင်သော သက်သေခံပစ္စည်းနှင့်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။

၁၈။ မည်သူမဆို-

(က) ပုဒ်မ ၁၁ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတစ်နှစ်မှ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ် တစ်သိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်လည်းချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံးဝင်သော သက်သေခံပစ္စည်းနှင့်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။
(ခ) ပုဒ်မ ၁၁ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးသုံးနှစ်မှ အများဆုံးငါးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ် ငါးသိန်းမှ အများဆုံး ကျပ်တစ်ဆယ်သိန်းအထိ ငွေဒဏ်လည်းချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံး ဝင်သော သက်သေခံပစ္စည်းနှင့်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။

၁၉။ မည်သူမဆို-

(က) ပုဒ်မ ၁၂ သို့မဟုတ် ပုဒ်မ ၁၃ ပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးခြောက်လမှ အများဆုံးတစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့် အပြင် အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံး ကျပ်တစ်သိန်းအထိ ငွေဒဏ်လည်းချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံးဝင်သော သက်သေခံပစ္စည်းနှင့်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း ခံရမည်။
(ခ) ပုဒ်မ ၁၂ သို့မဟုတ် ပုဒ်မ ၁၃ ပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတစ်နှစ်မှ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်လည်းချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့် အကျုံးဝင်သော သက်သေခံပစ္စည်းနှင့်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။

၂၀။ မည်သူမဆို-

(က) ပုဒ်မ ၁၄ ပါ ပြဋ္ဌာန်းချက်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတစ်နှစ်မှ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်လည်းချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံးဝင်သောငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။
(ခ) ပုဒ်မ ၁၄ ပါ ပြဋ္ဌာန်းချက်ကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးသုံးနှစ်မှ အများဆုံးငါးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံး ကျပ်တစ်ဆယ်သိန်းအထိ ငွေဒဏ်လည်းချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံးဝင်သော ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။

အခန်း (၇) အထွေထွေ[edit]

၂၁။ လောင်းကစားအိမ်၌လည်းကောင်း၊ ထိုအိမ်၌ ရောက်ရှိနေသူတို့၏ ကိုယ်ပေါ်တွင်လည်းကောင်း လောင်းကစားကိရိယာ တစ်ခုခုကို တွေ့ရှိလျှင် ဝင်ရောက်ရှာဖွေသူတို့က လောင်းကစားနေသည်ကို မတွေ့မြင်စေကာမူ လောင်းကစားအိမ်အဖြစ် အသုံးမပြုကြောင်း သို့မဟုတ် လောင်းကစားရန် ရောက်ရှိ နေကြခြင်း မဟုတ်ကြောင်း ထိုအိမ်၌ ရောက်ရှိနေကြသူများက သက်သေထင်ရှားမပြနိုင်လျှင် လောင်းကစား အိမ်အဖြစ် အသုံးပြုသည်ဟူ၍လည်းကောင်း၊ ထိုသူများသည် လောင်းကစားရန်ရောက်ရှိနေကြသူများ ဖြစ်သည်ဟူ၍လည်းကောင်း မှတ်ယူရမည်။

၂၂။ ထီကို ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ပေးအပ်သည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနကသာ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည်။

၂၃။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ကာစီနိုတည်ထောင်ခြင်း၊ ဖွင့်လှစ်ခြင်းကို သတ်မှတ်ချက်များနှင့် အညီ စိစစ်ခွင့်ပြုနိုင်သည်။

၂၄။ ဤဥပဒေပါ ပြစ်မှုတစ်ခုခုနှင့် တရားစွဲဆိုခြင်းခံရသူကို စစ်ဆေးသော တရားရုံးသည် ထိုပြစ်မှုနှင့် စပ်လျဉ်း၍ တရားစွဲဆိုခြင်းခံရသူများအနက် အဓိကပါဝင်သည့် တရားခံမဟုတ်သူ မည်သူ့ကိုမဆို လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားလိုသက်သေအဖြစ် သက်သေခံချက်ပေးစေရမည်။ သက်သေခံချက် ပေးသူသည် မှန်ကန်သည့်အတိုင်း ထုတ်ဖော်ထွက်ဆိုလျှင် ထိုသူအား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုရမည်။

၂၅။ သက်ဆိုင်ရာတရားရုံးသည် ဤဥပဒေအရ စစ်ဆေးစီရင်သောအမှုတွင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသည့် ငွေနှင့် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် အမိန့်ချမှတ်သည့် ပစ္စည်းများရောင်းရငွေအနက်မှ သတင်းပေးသူအား ၁၀ ရာခိုင်နှုန်း၊ ဖမ်းဆီးရာတွင် ပါဝင်သူအားလုံးအား ၂၀ ရာခိုင်နှုန်း ဆုငွေချီးမြှင့်ရန် အမိန့်ချမှတ်ရမည်။

၂၆။ မြို့နယ်ရဲတပ်ဖွဲ့မှူးသည် သက်ဆိုင်ရာ မြို့နယ်အတွင်း တစ်ဦးတစ်ယောက်သောသူသည် လောင်းကစားမှုဖြင့်လည်းကောင်း၊ လောင်းကစားမှုဖြစ်မြောက်စေရန် အားပေးခြင်း သို့မဟုတ် ကူညီခြင်း ဖြင့်လည်းကောင်း အသက်မွေးဝမ်းကျောင်းမှုပြုနေကြောင်း သတင်းရရှိလျှင် ထိုသူအား ရာဇဝတ်ကျင့်ထုံး ဥပဒေအရ အရေးယူနိုင်သည်။

၂၇။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-

(က) ဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတို့သည် နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်း များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ) ဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

၂၈။ လောင်းကစားဥပဒေ (၁၉၈၆ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၆) ကို ဤဥပဒေဖြင့် ရုပ်သိမ်း လိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။


(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်